01/07/2025
မကြာသေးခင်ကပဲ Nissan ဘက်ကနေ NISMO-badged လုပ်ထားတဲ့ Beast နှစ်ကောင်ကို ချပြလာခဲ့ပါတယ်။ NISMO လို့ ဆိုလိုက်တာနဲ့ အားလုံးမျက်စိထဲပြေးမြင်မိမယ့် Z, GT-R နဲ့ အခုနောက်ဆုံး လျှပ်စစ်ကားတစ်စီးဖြစ်တဲ့ Ariya တို့ မဟုတ်ဘဲ full-size SUV muscle နှစ်စီးဖြစ်တဲ့ Patrol နဲ့ Armada (US version) တို့ပဲ ဖြစ်တယ်ဗျ။
ဒီတော့ ရှေးဦးစွာပြောချင်တာက Nissan Patrol ရဲ့ NISMO မော်ဒယ်က အခုမှအသစ်မိတ်ဆက်တာတော့ မဟုတ်ဘဲ UAE နဲ့ Saudi Arabia ရဲ့ လမ်းမတွေထက်မှာ 2015 လောက်ကတည်းက ကျင်လည်နေခဲ့တာပါ။ သို့ပေတည်း US ဗားရှင်းဖြစ်တဲ့ Armada ကတော့ ယခုမှသာ NISMO treatment ကို ရလိုက်တာလို့ပဲ ဆိုရလိမ့်မယ်။ နောက်ဆုံးတော့ US တို့ Patrol Nismo နဲ့ equivalent ဖြစ်တဲ့ Armada Nismo ကို ရလိုက်ပြီဆိုပေမယ့်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် Armada Nismo က Patrol Nismo ရဲ့ weaker ဗားရှင်းသာသာပဲ ဖြစ်နေအုံးမှာပါ။ ဘာ့ကြောင့်လဲဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။
ဆိုတော့ Middle East ဘက်က အရှေ့အလည်ပိုင်းသားတွေရရှိမယ့် Patrol Nismo က VR35DDTT 3.5L V6 အင်ဂျင်နဲ့ 495 Hp ထွက်ပါတယ်။ တစ်ဖက်က Armada Nismo ကတော့ 460 Hp ပဲ ထွက်မယ်ဗျ။ သာမန် regular Armada မှာ 400 Hp ထွက်တာမို့ 60 Hp ပိုတိုးလာတယ်ဆိုပေမယ့် ဘာ့ကြောင့် Patrol Nismo က 495 Hp ထွက်ပြီး Armada Nismo မှာကျ 400 Hp ပဲ ထွက်ရသလဲပေါ့?
အလွယ်ဖြေရရင်တော့ လောင်စာအရည်အသွေး "fuel quality" ကြောင့်လို့ပဲ ပြောရလိမ့်မယ်။ Patrol Nismo မှာ မြင်းကောင်းရေပိုများနေရတာနဲ့ပတ်သက်ပြီး Nissan ဘက်ကပြောကြားချက်အရလည်း "region-specific fuel standards" တွေကြောင့်ဆိုတဲ့ အဖြေပဲထွက်လာခဲ့တယ်။ အဖြေကရှင်းပါတယ်။ UAE နဲ့ Saudi Arabia တို့လို ပင်လယ်ကွေ့တွေနဲ့နီးတဲ့နိုင်ငံတွေရဲ့ လောင်စာကွာလတီက အခြားဒေသတွေထက် အရည်အသွေးပိုကောင်းကြလို့ပါ။ လောင်စာကွာလတီကောင်းတဲ့အခါ အောက်တိန်းအရည်အသွေးကောင်းကောင်းရမယ်၊ လောင်စာကလည်း ပိုသန့်စင်မယ်ပေါ့။ ဒီတော့ အင်ဂျင်ကိုလည်း aggressively ဖြစ်ဖြစ် ပိုရုန်းခိုင်းလို့ရမယ်၊ stronger tuning တွေအတွက်လည်း ပိုခံနိုင်လာမယ်။
မျက်စိထဲမြင်အောင်ပြောရရင် အားကစားသမားနှစ်ယောက်ရှိတယ် ဆိုကြပါစို့။ တစ်ယောက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ high-energy food အစားအသောက်တွေပဲ စားသုံးမှီဝဲမယ်၊ နောက်တစ်ယောက်ကတော့ တွေ့ကရာလမ်းဘေးစာ Junk food တွေစားမယ်။ အဲ့ဒီနှစ်ယောက်မှာ ဘယ်တစ်ယောက်ကပိုပြီး perform လုပ်နိုင်မယ်ထင်သလဲ? ထိုနည်းတူစွာပဲ အရှေ့အလည်ပိုင်းရောက်သွားတဲ့ Patrol Nismo က 98 နဲ့ 100 တို့လို ကွာလတီကောင်းတဲ့ higher-grade Gulf fuel အောက်တိန်းရနေချိန် Armada Nismo က 91 လောက်သာ နပ်မှန်တဲ့အနေအထားတစ်ခုပါ။
ဒါ့ကြောင့်ပဲ Nissan ဘက်ကတော့ Armada Nismo ကို conservative ပိုဖြစ်တဲ့ 460 Hp သာ ထည့်ပေးလိုက်တာ သဘာဝကျပါတယ်။ သို့ပေမယ့် Patrol Nismo နဲ့ Armada Nismo နှစ်စီးလုံးရဲ့ Torque ကတော့ တူညီစွာနဲ့ပဲ 700 Nm ထွက်မယ်ဆိုတော့ အရုန်းအဆွဲကတော့ ကောင်းအုံးမယ်ပေါ့လေ။ ဘာပဲပြောပြော full-throttle performance မှာတော့ 35 Hp ဆိုတာကလည်း ဒီလို heavy SUV တွေမှာ အတော်လေးစကားပြောသွားအုံးမှာပဲဗျ။
Patrol Nismo ရဲ့ ရှေ့ရုပ်ထွက်ကတော့ NISMO ဆိုတဲ့အတိုင်းပဲ အတော်လေး aggressive ဖြစ်တဲ့ဘက်သွားတယ်။ V-Motion grille က အတော်လေး deeper ဖြစ်တဲ့ဘက်သွားသလို၊ intakes ခပ်ကြီးကြီးတွေနဲ့ Nissan ရဲ့ Formula E ကားတွေကနေ inspire ယူထားတဲ့ fog lamps တွေသုံးထားတာကို မြင်တွေ့ရမှာပါ။ တစ်ဖက်က Armada Nismo ကတော့ fog lamps တွေမပါဘဲ ရိုးရှင်းပြီး sleek ဖြစ်တဲ့ diffuser ဒီဇိုင်းနဲ့ "cleaner" ဖြစ်တဲ့ look ဘက်ပိုသွားတယ်လို့ မြင်မိတယ်။ နှစ်စီးလုံးမှာတော့ 22" အရွယ်အစားရှိ forged RAYS wheels တွေကိုပဲ သုံးပေးထားပြီး NISMO မော်ဒယ်ဖြစ်သွားတာနဲ့အညီ အနီရောင် red accents တွေကိုတော့ များများစားစား သုံးပေးထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာရရှိမယ့် Patrol Nismo နဲ့ ပတ်သက်ပြီး အရမ်းကြီးအထူးအဆန်းတစ်ခုတော့ မဟုတ်ပေမယ့် US market မှာ Armada အပေါ် NISMO tratment လုပ်ပေးလာတာကတော့ Nissan ရဲ့ "solid move" တစ်ခုလို့ပဲ သုံးသပ်မိတယ်။ US market ရဲ့ NISMO lineup ကို ကြည့်မယ်ဆိုရင် Z Nismo က မြန်တယ်၊ ကားချစ်သူတွေနှစ်ခြိုက်ကြတာမှန်ပေမယ့် ဒီကောင့်ရဲ့ price tag က စဥ်းစားစရာတစ်ခုဖြစ်သလို manual gearbox နဲ့ မလာတာကလည်း လက်တွန့်စရာတစ်ခု ဖြစ်လို့နေလေတယ်။ Ariya Nismo ကြပြန်တော့လည်း တာယာတွေ နှလုံးသားတွေကို အရည်မပျော်စေနိုင်တဲ့ EV တစ်စီးဖြစ်နေပြန်ရော။ နောက်ဆုံး GT-R၊ ဒီကောင်ကလည်း လက်ရှိအနေအထားအရတော့ မျှော်တော်ယောင်ဘဝသာရှိသေးလေရဲ့။ ဒါ့ကြောင့်ပဲ Armada Nismo ကတော့ fresh ဖြစ်ဖြစ်၊ big and bold ဖြစ်ဖြစ်နဲ့ NISMO အရသာအသစ်တစ်ခုကို ပေးစွမ်းနိုင်အုံးမှာတော့ အမှန်ပါပဲ။
Anyway, လက်ရှိ Middle East မှာတော့ Nissan Patrol အပေါ် ရွေးချယ်စရာဂရိတ် (၃) မျိုးရှိပါမယ်။ luxury vibes ဘက်သွားတဲ့ standard Patrol၊ off-road ready အတွက် Patrol PRO-4X နဲ့ performance-oriented variant ဖြစ်တဲ့ ဟောဒီက Patrol Nismo တို့ပဲ ဖြစ်ပါတယ်။ အနီးစပ်ဆုံး Patrol/Armada Nismo တို့ရဲ့ ပြိုင်ဖက်တွေကတော့ Durango SRT, Chevy Tahoe RST နဲ့ Land Cruiser 300 GR Sport တို့ ဖြစ်ပါလိမ့်မယ်။
အဆုံးသတ်ရရင် စာဖတ်သူသာဆိုရင်ရော 495 Hp ထွက် Patrol Nismo နဲ့ 460 Hp ထွက် Armada Nismo ဘယ်တစ်စီးကို ပိုရွေးမိမလဲ? ကောမန့်မှာပြောသွားပါအုံး။
{ 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }
𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝
▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀