28/06/2025
Digit ဆိုတဲ့ Media တစ်ခုကနေ Telegram Bot တစ်ခုကို ရှာတွေ့ခဲ့တာပါ။ ဒီ Bot ထဲမှာ အိန္ဒိယပြည်သူတွေရဲ့ အရေးကြီးသော ကိုယ်ရေးအချက်အလက်များကို ရောင်းချနေတာကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ Media ဘက်ကတော့ ဒီ Bot ရဲ့ နာမည်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ဖော်ပြခဲ့ခြင်းမရှိသေးဘဲ ကြိုတင်ကြေညာလိုက်တဲ့သဘောပါ။
လူနာမည်၊ နေရပ်လိပ်စာ၊ ဖခင်အမည်အပါအဝင် Aadhaar နံပါတ်၊ PAN ကဒ်နံပါတ်၊ မှတ်ပုံတင်နံပါတ်တွေလို အသေးစိတ်ကျတဲ့ အရေးကြီးအချက်အလက်မှန်သမျှကို တောင်းယူနိုင်တယ်လို့ ဆိုထားပါတယ်။ ဖုန်းနံပါတ် ၁ ခုရှိရုံနဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံနီးပါး ရှာနိုင်မှာပါ။
သတင်းအရ ဒီ bot ဟာ ဖုန်းနံပါတ်အပေါ်မူတည်ပြီး အသုံးပြုသူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝေမျှဖော်ပြပေးနိုင်အောင် အထူးလုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှုမပေးခင်မှာ အသုံးပြုသူကို စာရင်းဝင်ကြေး (plan) ဝယ်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီ plans တွေက 99 ရူပီးကနေ စတင်ပြီး bulk queries အတွက် 4,999 ရူပီးအထိရှိတယ်လို့ သိရပါတယ်။
စာရင်းဝင်ပြီးပြီဆိုတာနဲ့ သိချင်တဲ့ လူရဲ့ဖုန်းနံပါတ်တစ်ခုကို ထည့်သွင်းလိုက်တာနဲ့ 2 စက္ကန့်အတွင်း နံပါတ်ပိုင်ရှင်ရဲ့ နာမည်၊ အခြားဖုန်းနံပါတ်တစ်ခု၊ နေရပ်လိပ်စာ၊ ID စတဲ့ အချက်အလက်အပြည့်အစုံကို ပေးပို့လာမှာပါ။ ဒါ့အပြင် Aadhaar နံပါတ်နဲ့ PAN ကဒ်နံပါတ်ပါ ဖော်ပြနိုင်သေးတယ်လို့ ဆိုပါတယ်။
Digit media အဖွဲ့က ဒီ Telegram Bot ရဲ့အချက်အလက်တွေ မှန်ကန်ကြောင်း စစ်ဆေးဖို့အတွက် ဝန်ထမ်းတွေရဲ့ဖုန်းနံပါတ်တွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ရာမှာ ဖော်ပြလာတဲ့ အချက်အလက်တွေက တကယ်မှန်ကန်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် တချို့သော အချက်အလက်တွေက Up to Date တောင် ဖြစ်တယ်လို့ ဆိုပါတယ်။
Privacy ပိုင်းမှာ ယုံကြည်မှုတစ်ခုရှိထားကြတဲ့ Telegram လို့ Platform မှာတောင် ဒီလို ပြဿနာတွေ တွေ့ရတာ တကယ့်ကြောက်ဖို့ကောင်းတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် Telegram ရဲ့ privacy protection စနစ်ကိုတောင် မေးခွန်းထုတ်စရာဖြစ်နေပါပြီ။ လက်ရှိ ဒီသတင်းနဲ့ပတ်သက်ပြီး Telegram ဘက်က တစ်စုံတစ်ရာမှတ်ချက်ပေးထားတာတော့ မတွေ့ရသေးပါဘူး။