13/08/2026
မကွေးတွင် သက်တမ်းလွန် မော်တော်ယာဥ်များကို သက်တမ်းတိုးပေးမည်
---------------------------
မကွေးတိုင်းဒေသကြီးမှာ ငါးနှစ်နဲ့ အထက် သက်တမ်းလွန် မော်တော်ယာဥ်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်စိစစ်ပြီး ဒဏ်ကြေးတွေပေးဆောင်စေကာ မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ပေးမယ်လို့ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်က ပြောပါတယ်။
ဩဂုတ်လ ၁၁ ရက်က ကျင်းပတဲ့ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ မင်းလှမဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းသူ မေးမြန်းတဲ့ ငါးနှစ်နဲ့အထက် သက်တမ်းလွန်ကာ မှတ်ပုံတင်ပယ်ဖျက်ခံရတဲ့ မော်တော်ယာဥ်တွေကို ပြန်လည်စိစစ်ပြီး ဒဏ် ကြေးလျှော့ပေါ့သက်တမ်းတိုးပေးဖို့ အစီအစဥ်ရှိ/ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ဦးဆန်းညွန့်အောင်က အခုလိုပြန် လည်ဖြေကြားလိုက်တာပါ။
ငါးနှစ်နဲ့အထက် သက်တမ်းလွန် မော်တော်ယာဥ်တွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီစိစစ်ပြီး ယာဥ်ငယ်ကို ဒဏ်ကြေး ကျပ် ၂၅,၀၀၀ နဲ့ ယာဥ်ကြီးကို ဒဏ်ကြေး ကျပ် ၅၀,၀၀၀ ပေးဆောင်စေကာ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ပေးမယ်လို့ ဦးဆန်းညွန့်အောင်က ပြောပါတယ်။ လက်ရှိအချိန်မှာ မကွေးတိုင်းဒေသကြီးအတွင်း မော်တော်ယာဥ် ၂၂၄,၈၅၉ စီး မှတ်ပုံတင်ထားတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
Copy