02/08/2026
AWD (All-Wheel Drive) နဲ့ 4WD (Four-Wheel Drive)
လွယ်လွယ်ပြောရလျင် 4WD ကအဖေ ဖြစ်ပြီး AWD က Upgrade လုပ်ထားတဲ့သားဖြစ်ပါတယ်။ ယခင်က 4WD ပဲရှိပါတယ်။
ဒီနှစ်မျိုးစလုံးဟာ ကားရဲ့ ဘီး ၄ ဘီးစလုံးဆီ Powe ပို့ပေးပြီး ၄ဘီးလုံး လည်ပါတ် စနစ်တွေ ဖြစ်ပေမဲ့ အသုံးပြုပုံနဲ့ အလုပ်လုပ်ပုံ မတူကြပါဘူး။
4WD (Four-Wheel Drive / 4x4)
4WDဆိုတာဒရိုင်ဘာကိုယ်တိုင် လိုအပ်မှ ခလုတ်နှိပ်/ဂီယာဆွဲ အသုံးပြုရတဲ့ ၄ဘီးယက်စနစ် ဖြစ်ပါတယ်။
ပုံမှန်အချိန်မှာ ဆီစားသက်သာအောင် ဘီး ၂ ဘီးယက် (2WD) နဲ့ပဲ မောင်းရပါတယ်။ ရွှံ့ဗွက်၊ ကျောက်ခဲထူတဲ့လမ်း သို့မဟုတ် တောင်တက်လမ်း ရောက်မှ ခလုတ် (သို့) ဂီယာနံပါတ်နဲ့ 4WD (4H သို့မဟုတ် 4L)ကို ကိုယ်တိုင် ပြောင်းပေးရတာပါ။ Off-road လမ်းကြမ်းများ၊ ရွှံ့ဗွက်အိုင်များနဲ့ သဲသောင်ပြင်များ ၊ တောင်တက်ဆင်းများမှာအသုံးပြုပါတယ်။
တကယ်တော့ Professional 4×4 နားလည်သူ သို့မဟုတ် တကယ်သုံးသူတွေမှအပ 4x4 Gear တံ အတိုကိုအသုံးပြုတတ်သူနည်းပါတယ်။ ဒီအတွက်အလဲရှငိးပြပါဦးမယ်။
4 Wheel Drive (4WD) သို့မဟုတ် 4x4 မော်တော်ယာဉ်တွေမှာ ပါဝင်တဲ့ Manual Transfer Case (4WD ဂီယာတံ) ရဲ့ သဘောတရားနဲ့ အသုံးပြုပုံတွေကို ရှင်းပြပေးပါမယ်။
4WD စနစ်မှာ 2H, 4H, N, 4L ဆိုပြီး ဂီယာအဆင့် (၄) မျိုး အဓိကပါဝင်ပါတယ်။
၁။ 2H (2-Wheel High Range)
နောက်ဘီး (၂) ဘီးထဲကိုပဲ အင်ဂျင်ရွေ့အား ရောက်ရှိစေပြီး ပုံမှန် မြန်နှုန်းနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ပုံမှန် ကတ္တရာလမ်း၊ ခြောက်သွေ့တဲ့ မြို့တွင်းလမ်းနဲ့ အဝေးပြေးလမ်းတွေမှာ သုံးပါတယ်။အားသာချက်ကစက်ရှိန်အသာဆုံး၊ ဆီစား အသက်သာဆုံးနဲ့ စတီယာရင် ကွေတာ အပေါ့ပါးဆုံး ဖြစ်ပါတယ်။
၂။ 4H (4-Wheel High Range)
ရှေ့ဘီး (၂) ဘီးရော နောက်ဘီး (၂) ဘီးပါ ဘီး (၄) ဘီးလုံးကို အင်ဂျင်ရွေ့အား ပုံမှန်မြန်နှုန်း (High Speed) နဲ့ အမျှဝေပေးတာ ဖြစ်ပါတယ်။မိုးရွာပြီး ချောနေတဲ့လမ်း၊ သဲဆန်တဲ့လမ်း၊ ရွှံ့နည်းနည်းရှိတဲ့လမ်း၊ သဲသောင်ပြင်နဲ့ လမ်းကွေ့လမ်းကောက်များတဲ့ တောင်တက်လမ်းတွေမှာ သုံးပါတယ်။ (အရှိန် 50 - 80 km/h ဝန်းကျင်အထိ မောင်းလို့ရပါတယ်)။သတိပြုရန်ကဘီး (၄) ဘီးလုံး ကုပ်အားရစေပေမယ့် ပုံမှန် ခြောက်သွေ့တဲ့ ကတ္တရာလမ်းပေါ်မှာ 4H ချိတ်မောင်းရင် စတီယာရင် ကွေ့ရခက်ခြင်းနဲ့ ဂီယာဘောက်/တာယာ ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
၃။ N (Neutral)
အင်ဂျင်နဲ့ ဘီးတွေကို လုံးဝ ဆက်သွယ်မှု ဖြတ်တောက်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ အဓိက ဂီယာတံ (Main Gear) မှာ ဂီယာဝင်ထားရင်တောင် ကားက သွားမှာမဟုတ်ပါဘူး။ဘယ်အချိန်မှာ သုံးမလဲ ဆိုတော့ကားကို တွဲဆွဲ (Towing) သောအခါ သို့မဟုတ် Winch (ကြိုးဆွဲစက်) အသုံးပြုပြီး တစ်ခုခုကို ဆွဲယူသောအခါ သုံးပါတယ်။
၄။ 4L (4-Wheel Low Range)
ဘီး (၄) ဘီးလုံးကို အင်ဂျင်ရွေ့အား ပေးရုံတင်မကဘဲ ဂီယာအချိုး (Gear Ratio) ကို လျှော့ချပြီးရုန်းအား (Torque) အမြင့်ဆုံးထုတ်ပေးတာ ဖြစ်ပါတယ်။ အရှိန်အလွန်နှေးပြီး အားအလွန်ပါပါတယ်။ ဒီ Gear ကိုကားကျွံနေချိန်၊ အလွန်နက်သော ရွှံ့နွံ/သဲဗွက်လမ်းများ၊ ကျောက်ဆောင်ကျောက်ခဲ ထူထပ်သော လမ်းများနှင့် အလွန်မတ်ဆောက်သော တောင်တက်/တောင်ဆင်း လမ်းများတွင် အသုံးပြုပါတယ်။သတိပြုရန်က အရှိန်အလွန်နှေးပါသည် (ပုံမှန်အားဖြင့် 10 - 30 km/h ထက် ပိုမမောင်းရပါ)။
ဂီယာပြောင်းတာကို စနစ်တကျလုပ်တတ်ဖို့လဲလိုပါတယ်။2H ↔ 4H ပြောင်းခြင်းကိုမော်ဒယ်အများစုမှာ ကားကို ဖြည်းဖြည်းမောင်းနေစဉ် (Shift-on-the-fly) အသုံးပြု၍ ရသော်လည်း 4WD မချိတ်မီ ကားအရှိန် လျှော့ထားတာ စိတ်အချရဆုံးပါ။
4H ↔ 4L ပြောင်းခြင်းကိုတော့ ကားကို လုံးဝ ရပ်ထားရပါမယ်။ Main Gear ကို N (Neutral) သို့မဟုတ် ကလတ် (Clutch) ကို အဆုံးအထိ နင်းထားပြီးမှ 4L သို့ ပြောင်းလဲရပါတယ်။
4x4 ကားတွေကတော့ Pick-up ကားများနှင့် အကြမ်းခံ Off-road SUV များ (ဥပမာ - Bighorn, Pajero,Toyota Hilux, Land Cruiser, Jeep Wrangler) စတာတွေမှာတွေ့စပါမယ်။
AWD (All-Wheel Drive) အကြောင်းသွားပါမယ်။
AWD ဆိုတာကားကွန်ပျူတာက အလိုအလျောက် ထိန်းချုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒရိုင်ဘာက ခလုတ်နှိပ်စရာ/ဂီယာချိန်စရာ မလိုပါဘူး။ ကားက လမ်းအခြေအနေကို စက္ကန့်မလပ် တိုင်းတာပြီး ဘယ်ဘီး ချော်နေလဲ၊ ဘယ်ဘီးကို ပါဝါ ပိုပို့ပေးရမလဲဆိုတာအလိုအလျောက် ခွဲဝေပေးပါတယ်။မြို့တွင်းမောင်းနှင်မှု၊ မိုးရွာပြီး လမ်းချော်နေချိန်၊ ကွေ့လမ်းတွေမှာ ကားလမ်းကပ်အား ပိုကောင်းအောင် ထိန်းပေးဖို့ သုံးပါတယ်။ AWD ကို Model မြင့် Crossover SUV များ (ဥပမာ - Kia SUV များ, Ford SUV , Honda SUV , Toyota SUVစသည်ဖြင့်..နဲ့ Sedan ကားအချို့မှာတွေ့ရပါမယ်။
ပြောရလျင် AWD ဟာ SUV size ကားတစ်စီးအတွက်မရှိမဖြစ်လိုပါပဲ။ မြို့တွင်းနဲ့ ခရီးဝေး အမောင်းများပြီး မိုးရွာလမ်းမှာ လုံခြုံစိတ်ချချင်ရင် AWD က သင့်တော်ပြီး၊ ရွှံ့ဗွက်အိုင်နဲ့ လမ်းကြမ်းတွေကို မကြာခဏ ရုန်းမောင်းရလေ့ရှိရင်တော့ 4WD ကမရှိမဖြစ်ပါ။ ဆိုလိုတာ လမ်းအခြေအနေနဲ့ ကားအမျိုးအစားအလိုက် 4WD ရော AWD ရောရှိနေမှာဖြစ်ပြီး 4WD ပျောက်ကွယ်မသွားနိုင်သေးပါ။
ယခင်ကစလွန်းတွေ Van တွေက 4WD က AWD လားဆိုတော့မဟုတ်ပါ။
ဥပမာ။ Toyota Caldina (ST195, ST215 - GT-T စသည်) တို့လို ၉၀ ခုနှစ်ကျော်/၂၀၀၀ ခုနှစ်အစပိုင်း ထွက် Saloon/Sedan နဲ့ Wagon ကားတွေမှာ ပါတဲ့ Full-Time 4WD (Early 4WD) နဲ့ ခေတ်သစ် AWD (Modern AWD) ကမတူညီပါ။
Mechanical vs Electronic ကွာတာပါ။
Early 4WD (Caldina 4WD) လိုကားတွေက Pure Mechanical System ပါ Caldina ရဲ့ Full-time 4WD စနစ်မှာ Engine ရဲ့ စွမ်းအင်ကို Center Differential ကနေ ရှေ့ဘီး (၅၀%) နဲ့ နောက်ဘီး (၅၀%) ဆီအမြဲတမ်း Continuous ပို့ပေးထားပါတယ်။ ဘီးတစ်ဘီးဘက် ချောထွက်သွားရင်/လွတ်သွားရင် အားကို ထိန်းညှိဖို့ Viscous Coupling Unit (VCU) ဒါမှမဟုတ် Torsen Center Differential (GT-T Model များ) ကို Mechanical Friction နည်းသက်သက် နဲ့ သုံးထားပါတယ်။Sensor တွေ၊ Computer (ECU) တွေက ဝင်ရောက်ထိန်းချုပ်တာ မရှိပါဘူး။
Modern AWD ကျ Electronic စနစ်ဖြစ်သွားပါတယ်။ခေတ်သစ် AWD ကားတော်တော်များများ မှာ Front-Wheel Drive အဖြစ် ပုံမှန်မောင်းနှင်ပြီး၊ ဘီးချောတာကို Sensor က သိမှသာ Electro-magnetic Clutch ကနေ နောက်ဘီးဆီ စွမ်းအင် ခဏချင်း လွှဲပေးတာဖြစ်ပါတယ်။ Computer ECU က Wheel Speed Sensor, Steering Angle, G-Sensor တွေကို စက္ကန့်ပိုင်းအတွင်း တိုင်းတာပြီး Power ကို လိုအပ်သလို အလိုအလျောက် ခွဲဝေပေးတာပါ။
ဘီး ၄ ဘီးလုံး သွားနေသည့် ပုံစံ (Power Distribution)
ကိုပြောရလျင် Caldina 4WD (Early Full-time)
အမြဲတမ်း ၄ ဘီးလုံး လည်ပြီး ( Power ၅၀:၅၀ 4H နှင့်တူပါတယ်)
AWD ကျ ပုံမှန် ရှေ့ ၂ ဘီးပဲ ယက်ပာတယ်။ လိုအပ်မှ နောက်ဘီးသို့ ၁၀% မှ ၅၀% အထိလိုသလိုပို့ပါတယ်။
ဆီစားနှုန်းကျ 4WD က Propeller Shaft နဲ့ Differential တွေ အမြဲလည်နေလို့ ဆီပိုစားပြီး AWD ကျလိုမှချိတ်သလို အချို့ Hybrid AWD ဆိုရင် Electric Motor နဲ့မောင်းလို့ ဆီပိုသက်သာပါတယ်။
ယနေ့ခေတ် AWD အများစုကတော့ On-Demand Electronic AWD ဖြစ်ပြီး၊ ဆီစားသက်သာအောင် ပုံမှန်မှာ ၂ ဘီးပဲယက်ပြီး ချောမှ ၄ ဘီးပြောင်းတဲ့ စနစ် ဖြစ်ပါတယ်။
Car Knowledge by Tyre 78