23/07/2026
The Executive Brief (21/7/2026)
*************************************
EV မူဝါဒက ကောင်းတယ်… ဒါပေမယ့် လူတစ်စုစာကောင်းစားဖို့နဲ့ ပြည်သူ မနစ်နာအောင် ဘယ်လိုအကောင်အထည်ဖော်မလဲ?
ဒီရက်ပိုင်းမှာ နှစ် (၂၀) ကျော် မော်တော်ယာဉ်တွေ၊ အထူးသဖြင့် အင်ဂျင်ပါဝါကြီးတဲ့ ကားဟောင်းတွေကို လိုက်ဝယ်နေကြတဲ့ သတင်းတွေ၊ အရည်ကြိုစလစ် (ပုံစံ ဃ) ဈေးတွေ မြင့်တက်လာတဲ့ သတင်းတွေကို ဆက်တိုက်တွေ့နေရပါတယ်။
လူတော်တော်များများကတော့ "ကားဟောင်းတွေ ရုတ်တရက် အလုအယက်ဝယ်နေကြပြီး စျေးတွေ တက်လာလို့" လို့ အံ့ဩနေကြပါတယ်။
ကျွန်တော်မြင်တာကတော့ ကားတန်ဖိုးတက်သွားတာ မဟုတ်ပါဘူး။ ကားနဲ့တွဲလာတဲ့ EV တင်သွင်းခွင့် (Import Privilege) က တန်ဖိုးရှိလာတာ ဖြစ်ပါတယ်။
၁။ ဒီဈေးကွက်က ဘာဖြစ်နေတာလဲ?
အစိုးရက အသက် (၂၀) ကျော် မော်တော်ယာဉ်ကို မိမိဆန္ဒအလျောက် အပ်နှံပြီး လျှပ်စစ်မော်တော်ယာဉ် (BEV) ပြန်လည်တင်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။
ဒီမူဝါဒရဲ့ ရည်ရွယ်ချက်ကတော့—
• ကားဟောင်းတွေ လျှော့ချဖို့
• EV အသုံးပြုမှု မြှင့်တင်ဖို့
• လောင်စာဆီတင်သွင်းမှု လျှော့ချဖို့
• ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချဖို့
အစရှိတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။
ဒါဟာ အပြုသဘောဆောင်တဲ့ မူဝါဒတစ်ခုလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ဈေးကွက်ကတော့ မူဝါဒကို တစ်နည်းတစ်ဖုံ တုံ့ပြန်ပါတယ်။
ကားဟောင်းတစ်စီးရဲ့ တန်ဖိုးက ကားအဖြစ် မဟုတ်တော့ဘဲ EV တင်သွင်းနိုင်တဲ့ အခွင့်အရေး အဖြစ် ပြောင်းလဲလာပါတယ်။
၂။ ဘာလို့ ဈေးတွေ မြင့်တက်လာတာလဲ?
အကြောင်းရင်း (၃) ခု ရှိပါတယ်။
ပထမ — Supply နည်းတယ်။
ယခင် အရည်ကြိုအစီအစဉ်တွေမှာ ကားအဟောင်းအများစု ဖျက်သိမ်းပြီးသား ဖြစ်နေပါတယ်။ တိုက်ကြေကားတွေကလည်း Running Condition မဟုတ်တဲ့အတွက် အခုအစီအစဉ်မှာ မရပါဘူး။
ဒါကြောင့် အရည်အချင်းပြည့်မီတဲ့ ကားတွေ နည်းသွားပါတယ်။
ဒုတိယ — Demand တက်လာတယ်။
EV တင်သွင်းချင်သူတွေက အရည်ကြိုကားကို စတင်လိုက်ဝယ်လာပါတယ်။
Supply နည်းပြီး Demand များတဲ့အခါ ဈေးတက်တာဟာ သဘာဝဈေးကွက်စနစ်ပါပဲ။
တတိယ — Speculation ဖြစ်လာတယ်။
တချို့က EV သွင်းဖို့ မဟုတ်ဘဲ နောက်ပိုင်း ဈေးတက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကားတွေကို ဝယ်စုလာကြပါတယ်။
ဒီအချိန်မှာ ကားဟောင်းက ကား မဟုတ်တော့ဘဲ Import Right ပါတဲ့ Asset တစ်ခုလို ဖြစ်လာပါတယ်။
၃။ အစိုးရပေါ်လစီက ဘာပြောင်းသွားတာလဲ?
တကယ်တော့ "ကားအနှစ် ၂၀ ပြည့်ရင် မဖြစ်မနေ အပ်ရမယ်" ဆိုတဲ့ မူဝါဒ မဟုတ်ပါဘူး။
လက်ရှိရှင်းလင်းချက်အရ—
• အပ်ချင်ရင် အပ်နိုင်တယ်။
• မအပ်ချင်ရင် ဆက်စီးနိုင်တယ်။
• Running Condition ဖြစ်ရမယ်။
• တိုက်ကြေ၊ ဖြတ်ဆက်ကားတွေ မရဘူး။
• အပ်နှံတဲ့ကားအမျိုးအစားနဲ့ ကိုက်ညီတဲ့ EV ကိုသာ ပြန်သွင်းရမယ်။
• FESC နဲ့ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆက်လက်လိုက်နာရမယ်။
ဆိုလိုတာက မူဝါဒရဲ့ ရည်ရွယ်ချက်က EV အစားထိုးရေး ဖြစ်ပြီး ကားဈေးကွက်ကို လှုပ်ရှားစေဖို့ မဟုတ်ပါဘူး။
၄။ ဒါပေမယ့် ကောင်းမွန်တဲ့ မူဝါဒကနေ ဘယ်သူတွေကအခွင့်အရေးယူပြီး ဘယ်သူတွေက နစ်နာတာလဲ?
ဒီလိုအခြေအနေမှာ အများဆုံးထိခိုက်နိုင်တာက သာမန်ကားအသုံးပြုသူတွေ ဖြစ်ပါတယ်။
ဥပမာ—
• ကားတစ်စီးဝယ်ချင်တဲ့သူက ဈေးပိုပေးရတယ်။
• မူဝါဒကို နားမလည်ဘဲ သတင်းမှားနောက်လိုက်ပြီး ဈေးကြီးပေးဝယ်မိနိုင်တယ်။
• ကားဈေးတက်လို့ အသုံးစရိတ် တိုးလာတယ်။
• Speculation ကြောင့် ဈေးကွက် မတည်ငြိမ်တော့ဘူး။
မူဝါဒရဲ့ အကျိုးကို ရသင့်တဲ့ ပြည်သူတွေက အကျိုးမရဘဲ၊ ဈေးကစားသူတွေ အကျိုးရသွားတဲ့ အခြေအနေမျိုး မဖြစ်သင့်ပါဘူး။
၅။ ဘာတွေ လုပ်ပေးသင့်လဲ?
ဒီမူဝါဒ အောင်မြင်ဖို့အတွက် (၅) ချက် ရှိပါတယ်။
(၁) အသေးစိတ် Guideline ကို မြန်မြန်ထုတ်ပြန်ပေးပါ။
မရှင်းလင်းတဲ့ နေရာတိုင်းမှာ ထင်ကြေးတွေ ထွက်လာပါတယ်။
(၂) တရားဝင် FAQ နဲ့ Q&A ကို အမြဲ Update လုပ်ပေးပါ။
Social Media သတင်းထက် တရားဝင်သတင်းကို လူတွေ ပိုအားထားနိုင်ဖို့ လိုပါတယ်။
(၃) Scrap Slip နဲ့ EV Permit ဈေးကွက်ကို စောင့်ကြည့်ပါ။
ဈေးကစားမှု၊ လိမ်လည်မှုတွေ ရှိလာရင် အချိန်မီ ထိန်းကျောင်းဖို့ လိုပါတယ်။
(၄) မဟုတ်မမှန် သတင်းဖြန့်ပြီး ဈေးကွက်ကို လှုပ်ရှားစေသူတွေကို ဥပဒေအရ အရေးယူပါ။
လွတ်လပ်စွာ ထင်မြင်ချက်ပေးတာနဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းအတုဖန်တီးပြီး ဈေးကစားတာကို ခွဲခြားကိုင်တွယ်သင့်ပါတယ်။
(၅) မူဝါဒရဲ့ အကျိုးကို ပြည်သူဆီ အမှန်တကယ်ရောက်အောင် ဒီဇိုင်းဆွဲပါ။
Import Privilege ကို ဈေးကွက်မှာ ကုန်သွယ်တဲ့ ပစ္စည်းတစ်ခု မဖြစ်စေဘဲ EV ပြောင်းချင်တဲ့ ပြည်သူအတွက် အခွင့်အရေးတစ်ခု ဖြစ်အောင် စနစ်ကို ဆက်လက်တိုးတက်အောင် ပြင်ဆင်သင့်ပါတယ်။
နိဂုံး
EV မူဝါဒဟာ နိုင်ငံရဲ့ စွမ်းအင်၊ ပတ်ဝန်းကျင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ရေရှည်တိုးတက်စေမယ့် မူဝါဒတစ်ခု ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မူဝါဒကောင်းတစ်ခု အောင်မြင်ဖို့ မူဝါဒတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်၊ တည်ငြိမ်တဲ့ အကောင်အထည်ဖော်မှု၊ အချိန်မီ သတင်းထုတ်ပြန်မှုနဲ့ ဈေးကွက်ကို ထိရောက်စွာ ကြီးကြပ်နိုင်တဲ့ Governance လည်း လိုအပ်ပါတယ်။
မူဝါဒရဲ့ အောင်မြင်မှုကို တိုင်းတာရမှာ ကားဟောင်း ဘယ်နှစီးအပ်နိုင်ခဲ့သလဲ ဆိုတာနဲ့ မဟုတ်ဘဲ ပြည်သူတွေ မနစ်နာဘဲ EV ပြောင်းနိုင်ခဲ့သလား၊ ဈေးကွက်တည်ငြိမ်ခဲ့သလား၊ မူဝါဒရဲ့ ရည်ရွယ်ချက် အမှန်တကယ် အောင်မြင်ခဲ့သလား ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။
မှတ်ချက်။ ကားလောက အကြောင်းသိပ်မသိပေမယ့် အရင်ဦးသိန်းစိန် လက်ထက်ကလို ပြည်သူတွေ ကားစီးနိုင်ဖို့ ပြန်လည်မျှော်လင့်ရင်း 😊 ဆဲချင်သူတွေလည်း စဆဲလို့ရပါပြီ။
Crd to original uploader