27/08/2026
“ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့”
#မေတ္တာသုတ်တော်အဓိပ္ပါယ်
မနက်ဖြန်က ဝါခေါင်လပြည့်နေ့ဖြစ်ပါတယ်။
မေတ္တာသုတ်တော်ကို ဟောကြားတဲ့နေ့ဖြစ်လို့ မေတ္တာအခါတော်နေ့လို့ ရှေးဆရာများ
သတ်မှတ်ခဲ့ကြပါတယ်။
မြတ်စွာဘုရားဟောကြားခဲ့
မေတ္တာသုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြတဲ့အခါ..
အဓိဌာန်တွေ ဝင်ကြတဲ့အခါ...
ဒီအတိုင်း ရွတ်ဖတ်ရုံမဟုတ်ပဲ
အဓိပ္ပါယ်ကိုပါ နှလုံးသွင်းဆင်ခြင်နိုင်တဲ့အပြင် လက်တွေ့ဘဝမှာပါ
လိုက်နာကျင့်ကြံနိုင်ဖို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏🏻
မေတ္တာအခါတော်နေ့တွင်သာမက
အချိန်များစွာမှာ မေတ္တာထားကာ
နေနိုင်ကြပါစေရှင်🙏🏻🙏🏻🙏🏻
💛မေတ္တာဟူသည်
သူတစ်ပါးတို့၏ကောင်းကျိုးစီးပွားကို
လိုလားသော သဘောရှိ၏၊
သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကိုလိုလိုလားလားဆောင်ရွက်ပေး၏။
အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာပွားများသူသည်
လိုက်နာပြုကျင့်ထိုက်သောတရား
(ဆယ့်လေးပါး) ရှိသည်ဟု မိန့်သည်။
✦ကာယကံစိတ် ဖြောင့်မတ်ရမည်။
✦မှန်တာလုပ်၊ ဟုတ်တာပြောရမည်။
✦စိတ်သဘောထား အထူးဖြောင့်မတ်ရမည်။
✦ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။
✦လိုက်နာရမည်။
✦နူးညံ့ရမည်။
✦မာန်မာန ကင်းရမည်။
✦ရောင့်ရဲနိုင်ရမည်။
✦လွယ်ကူစွာ အသက်မွေးရမည်။
✦အပိုကိစ္စ နည်းပါးရမည်။
✦ပေါ့ပါးစွာ အသက်မွေးရမည်။
✦ငြိမ်သက်သော ဣနြေ္ဒ ရှိရမည်။
✦ရင့်ကျက်မှု ရှိရမည်။
✦ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။
✦ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။
✦ချုပ်လိုက်လျှင် ပညာရှိများ ကဲ့ရဲ့နိုင်ပါက မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။
ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့် သဘောထားများကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်းများကို ဆက်လက်မိန့်ကြားတော်မူသည်။
💛မေတ္တာပွားနည်း💛
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မြင်ဖူးမမြင်ဖူး နှစ်ဦးများစွာ သတ္တ၀ါ
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ထိုသို့ နှစ်စုသုံးစု ခွဲ၍ မေတ္တာပို့ရမည်။
တစ်ဖက်သားကို ချမ်းသာစေချင်တာ
မေတ္တာဖြစ်သကဲ့သို့ တစ်ဖက်သားကို
ဒုက္ခ မရောက်စေချင်တာလည်း မေတ္တာပင် ဖြစ်၏။
ထို့ကြောင့် ဘုရားရှင်က
“လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။
လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”ဟု
မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။
✦လိမ်ညာခြင်း၊ လှည့်စားခြင်း၊
ကောက်ကျစ်စဉ်းလဲခြင်းသည်
သစ္စာတရားကိုဆန့်ကျင်ခြင်းဖြစ်၏။
သစ္စာတရားကို ဆန့်ကျင်ခြင်းသည်
ဆင်းရဲကြောင်းဖြစ်၏။
လူသားထုကို ချမ်းသာစေချင်လျှင်
ထိုအပြုအမူတွေ ကင်းရှင်းမှဖြစ်မည်။ လူသားအချင်းချင်း ညှဉ်းပန်း
နှိပ်စက်ခြင်း၏ ဆင်းရဲပုံကတော့ ရှင်းပါ၏။
လူတွေ စားဝတ်နေရေး ကျပ်တည်း၍ ဆင်းရဲနေကြရခြင်းသည် လူလိမ်၊လူညာတွေကြောင့်ဖြစ်၏။
မာန်ထောင်သူတွေ၊ လူကိုမထီမဲ့မြင်ဆက်ဆံသူတွေ၊ လူကိုလူလို မမြင်သူတွေ၊ ညှဉ်းပန်းသူတွေကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန် အထူးမိန့်ကြားခဲ့လေသည်။
မေတ္တာသည်သာ အောင်နိုင်ရာ၏။
ဘုရားရှင်ကိုယ်တော်မြတ်သည်
သူ့ကိုဆန့်ကျင်သော
မာရ်နတ်၊ အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊ အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို
အနိုင်ယူအောင်မြင်တော်မူခဲ့၏။
အောင်ခြင်းရှစ်ပါးဟု ခေါ်၏။
ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ..
အောင်မြင်ရာတွင် အကြမ်းမဖက်မေတ္တာ
သက်သက်ဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။
မေတ္တာသာ ပွားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
ထိုသို့ မေတ္တာနှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှသာ
တကယ်စစ်မှန်သော အောင်မြင်မှုကို
ရရှိနိုင်မည်ဖြစ်သည်။ ။
မေတ္တာသုတ်တော်ရဲ့အဓိပ္ပါယ်
မူရင်းစာသားများအတွက်
ဆရာတော်【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】အား ဂရဝပြုလေးစားစွာဖြင့် Credit ပေးပါတယ်ရှင်။🙏🏻
စိတ်ရောကိုယ်ပါ ချမ်းသာရာ ရကြပါစေ🍀🙏🏻