23/09/2021
VVT-i ပါတဲ့ကားတွေမှာ အသုံးပြုသင့်တဲ့ အင်ဂျင်ဝိုင်ဂရိတ်
တိုယိုတာကား ဓါတ်ဆီအင်ဂျင်တွေမှာပါတဲ့ VVT-i (Variable Valve Timing – intelligent) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ဖိအားကို အခြေခံပြီး ကမ်မရှပ်လည်ပတ်မှုကို ထိန်းချုပ်ကာ ဗားအဖွင့်အပိတ် တိုင်မင်ကို ချိန်ညှိပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် VVT-i စနစ်ပါတဲ့ အင်ဂျင်တွေမှာ အင်ဂျင်ဝိုင်က ပိုပြီး အရေးပါနေတာဖြစ်ပါတယ်။ (VVT-i ပါတဲ့အင်ဂျင်တွေမှာ အင်ဂျင်အပေါ်ဖုံးမှာ VVT-i, Dual VVT-i စသည်ဖြင့် ရေထားပါတယ်)။
VVT-i စနစ်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်အကြောင်းမပြောခင် ဓါတ်ဆီအင်ဂျင်တွေမှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်နှင့် လဲလှယ်တဲ့အကြောင်းအနည်းငယ် ဆွေးနွေးချင်ပါတယ်။ အင်ဂျင်ဝိုင်ဂရိတ်ရွေးချယ်တဲ့အခါ ကီလိုဘယ်လောက် (မိုင်ဘယ်လောက်) ရှိနေပြီလဲဆိုတာကို အဓိက ကြည့်ကြပါတယ်။ ဥပမာ ကီလို ၁ သိန်းအောက်ဆိုရင် 5W-30၊ ကီလို ၁ သိန်းနဲ့ ၂ သိန်းကြားဆိုရင် 10W-30 ၊ ကီလို ၂ သိန်းအထက်ဆိုရင် 10W-40 (သို့) 15W-40 ကို အသုံးပြုကြပါတယ်။
တကယ်တော့ အင်ဂျင်ဝိုင်ကို ကီလိုနဲ့ကြည့်ပြီး ဂရိတ်ရွေးချယ်တယ်ဆိုတာက ရှေးအယူအဆတခုဖြစ်နေပါပြီ။ (ဝပ်ရှော့ဆရာကြီးများကို စော်ကားခြင်းမဟုတ်ပါ)။ ကားအသုံးပြုကီလိုများလာလို့ အင်ဂျင်သက်တမ်းကြာလာတာနဲ့အမျှ ပစ်စ္စတင်ရိန်းတွေကျလာမယ်၊ ဗားတွေဟာလာမယ်၊ အင်ဂျင်ဝိုင်ဆီးလ်တွေ ကျယ်လာမယ် စတဲ့အကြောင်းရာများကြောင့် ကီလိုများလာတဲ့အခါ ပိုမိုဈေးပျစ်တဲ့ အင်ဂျင်ဝိုင်ဂရိတ်ဖြစ်တဲ့ 10W-40 ၊ 15W-40 တို့ကို အသုံးပြုလာကြတာဖြစ်ပါတယ်။
ဒါကတော့ ရေတိုကုစားမှုသာဖြစ်ပါတယ်။ အင်ဂျင်ကျနေရင် အင်ဂျင်အိုဗာဟောလုပ်သင့်ပြီး ဓါတ်ဆီအင်ဂျင်တွေအတွက် 5W-30 (သို့) 10W-30 ကိုသာအသုံးပြုသင့်ပါတယ်။ အင်ဂျင်အိုဗာဟောမလုပ်ဘဲ ရေတိုကုစားမှုအနေနဲ့ အင်ဂျင်ဝိုင်ဂရိတ်တွေကို မြှင့်ပြီးအသုံးပြုတာကြောင့် အင်ဂျင်ဆီစားများသလို အင်ဂျင်ကိုင်တဲ့အခါလည်း ကုန်ကျစရိတ်ပိုများမှာဖြစ်ပါတယ်။
မြန်မာနိူင်ငံမှာအသုံးပြုနေတဲ့ တိုယိုတာကားအင်ဂျင်တော်တော်များများမှာ VVT-i စနစ်တွေပါဝင်ပါတယ်။ ဒီစနစ်ပါဝင်တဲ့ကားအင်ဂျင်တွေက ဆီစားသက်သာခြင်း၊ အင်ဂျင်နှိုးရလွယ်ကူခြင်း၊ အရှိန်မြင့်တင်နိူင်မှု အားကောင်းခြင်း၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးခြင်းဆိုတဲ့ အကျိုးများကို ရရှိစေပြီး ကားပိုင်ရှင်များအတွက်ကတော့ ဆီစားသက်သာစေတဲ့အချက်က အဓိက ကျနေပါတယ်။
အထက်မှာ ရှင်းပြခဲ့သလိုဘဲ VVT-i စနစ်က အင်ဂျင်ဝိုင်ဖိအားကို အခြေခံထားတာကြောင့် အင်ဂျင်ဝိုင်ကောင်းကောင်းနှင့် ဆီဂရိတ်အမှန်ထည့်ပေးဖို့ လိုအပ်ပါတယ်။ VVT-i ကားတွေအတွက် ကီလိုဘယ်လောက်ဘဲဖြစ်ဖြစ် 5W-30 (သို့) 10W-30 သာ အသုံးပြုသင့်ပါတယ်။ VVT-i စနစ်မှာ အင်ဂျင်ဝိုင်ဖိအားဆင်ဆာပါတဲ့အတွက် အင်ဂျင်ဝိုင်ပျစ်နေရင် အာရုံခံစနစ်အတွက် အဆင်မပြေပါဘူး။ အဲ့ဒီအခါ VVT-i စနစ်ကောင်းစွာအလုပ်မလုပ်တဲ့အတွက် အင်ဂျင်လောင်စာဆီစားနှုန်းက မြင့်လာမှာဖြစ်ပါတယ်။
VVT-i ပါတဲ့ ကားအင်ဂျင်တွေမှာ ပုံမှန် 10W-30 ထည့်နေကြကို မှားယွင်းပြီး 10W-40 ထည့်မိတဲ့အခါ ကားလီဗာနင်းရတာ ထုန် ထုန် ကြီးဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အသေးစိတ်စစ်ဆေးမယ်ဆိုရင် ဆီပိုစားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် VVT-i ပါတဲ့ ကားအင်ဂျင်တွေမှာ အင်ဂျင်ဝိုင် အမျိုးအစားကောင်းကောင်းနှင့် ဆီဂရိတ်အမှန်ကို ထည့်ပေးသင့်သလို အင်ဂျင်ဝိုင်ကိုလည်း သတ်မှတ်ကီလိုမှာ ပုံမှန်စစ်ဆေးလဲလှယ်သင့်ပါတယ်။
Crd