27/08/2022
ရှော့ဘားသည် ကားတစ်စီးတွင် ရှိသော အစိတ်အပိုင်းများ ထဲမှ တာယာပြီးလျှင် ဒုတိယ အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် ။ .
ရှော့ဘား အမျိုးအစားများ အကြောင်းမပြောခင် ရှော့ဘားတစ်ခု ၏ အဓိက လုပ်ဆောင်ချက် များကို သိရှိထားဖို့နှင့် ရှော့ဘားတစ်ခုတွင် ပါဝင်သော အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်ချက်များကို သိရှိရန် လိုပါတယ် ။ ရှော့ဘားတစ်ခု၏ အဓိက လုပ်ဆောင်ချက် ( ၃ ) မျိုး ရှိပြီး၎င်းတို့မှာ –
စီးနင်းလိုက်ပါသူ များ သက်တောင့်သက်သာရှိစေရန် ။
မောင်းနှင်နေစဉ် ကားအလွန်အမင်း ခါရမ်းခြင်း မဖြစ်စေရန် ထိန်းညှိပေးခြင်း ။
ကားတာယာနှင့် မြေပြင် အမြဲ ထိစပ် ချိတ်မိနေစေရန် ချိန်ညှိပေးခြင်း ။
ရှော့ဘား တစ်ခုတွင် အခြေခံအား ဖြင့် အဓိက အစိတ်အပိုင်း နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မတူညီသော လုပ်ဆောင်မှုများ ပြုလုပ်ပါတယ် ။
Spring ( စပရိန် 🙁 ဖိအား နှင့် ကန်အား ။
Shock/strut ( ရှော့ဘား 🙁 စပရိန်၏ ဖိအား နှင့် ကန်အား အရှိန်အား ထိန်းညှိပေးခြင်း ။
ရှော့ဘား တစ်ခု တွင် အဆိုပါ အစိတ်အပိုင်းနှစ်ခု ပေါင်းစပ်ထားပြီး ရှော့ဘား၏ အဓိက အလုပ်ဖြစ်သော ဖိအား နှင့် ကန်အား ကို မျှအောင် ထိန်းညှိပေးရသည် ။ အခြေခံအားဖြင့် စပရိန် အတွင်းရှိ ( ရှော့ဘားတံ ) မပါပါက မိမိကားသည် ခုန်ပေါက်နေပြီး လိုသလို မောင်းနှင်လို့ရမည်မဟုတ်ပေ ။
ရှော့ဘား အမျိုးအစားများ
အကြမ်းအားဖြင့် အဓိက ကျသော ရှော့ဘား ( ၄ ) မျိုးအကြောင်းအား ဆွေးနွေးသွားပါမယ် ။ အဆိုပါ ရှော့ဘား တစ်ခုစီတိုင်းတွင် ၎င်းတို့၏ အားသာချက် အားနည်းချက်များ ပါရှိပြီး မတူညီသော ကားအမျိုးအစားများတွင် မှန်ကန်သော ရှော့ဘားများကို တပ်ဆင် အသုံးပြုဖို့ လွန်စွာ အရေးကြီးပါတယ်။
1) MacPherson Strut
MacPherson ရှော့ဘား အမျိုးအစားကတော့ တပ်ဆင်ရလွယ်ကူခြင်း ၊ သေးသွယ်ပြီး နေရာ မယူလွန်းခြင်း စသည်တို့ကြောင့် နောက်ပိုင်း ကားတော်တော် များများ တွင် တွင်တွင်ကျယ်ကျယ် တပ်ဆင်အသုံးပြုလာကြောင်း တွေ့ရှိရတယ်။
အားသာချက်များ
အရွယ်ပမာဏ သေးသွယ်ခြင်း ။
ဖိအားနှင့် ကန်အား မျှတခြင်း ။
ဖိအား ကန်အား ၏ အခြေအနေကို ယာဉ်မောင်းတစ်ယောက်အနေဖြင့် လွယ်ကူစွာ မှန်းဆ နိုင်ခြင်း။ ( ရှော့ဘားအား စမ်းသပ်ရန် ကားမောင်းစဉ် )ကားအမျိုးအစားပေါ်မူတည်၍ ဒီဇိုင်း အမျိုးအစား စုံလင်ခြင်း ( ဥပမာ – helper spring ,coilover, etc )
အားနည်းချက်များ –
အလွန်လေးလံသော ဝန်များ တင်ဆောင်ရန် မသင့်တော်ခြင်း ။
ပြုပြင်စရိတ် များပြားခြင်း ။
hydraulic ဆီ ထည့်သွင်း ပြုလုပ်ထားခြင်းကြောင့် ရေရှည် အသုံး မခံခြင်း ။
တပ်ဆင်လေ့ရှိသော ကားအမျိုး အစားများ
: Toyotas, BMW, Porsche, Chevrolet, Kia, Hyundai
2) Independent Suspension
Independent ရှော့ဘား အမျိုးအစားကတော့ ( Off road ) လမ်းကြမ်းများတွင် မောင်းနှင်ရသော ကားများတွင် တပ်ဆင်လေ့ရှိပြီး မညီညာသောလမ်းများ တွင် မောင်းနှင်သွားလာ နိုင်ရန် အထူးပြုလုပ်ထားသော ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ ဤ ရှော့ဘား အမျိုးအစားသည် ကားဘီးအား ဝေးနိုင်သမျှ ဝေးအောင် ဆန့်ထုတ်နိုင်ရန် နှင့် နီးနိုင်သမျှ နီးအောင် ဆွဲ ကျုံ့နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကားတွင်တပ်ဆင်ရာ၌ သာမန် ရှှော့ဘားများထက် နေရာပိုမို ယူရပါတယ်။ Independent ရှော့ဘားကို လေး နှင့် ဖြစ်စေ စပရိန် ဖြင့်ဖြစ်စေ အသုံးပြုနိုင်ပြီး အဆိုပါ လေး ( သို့) စပရိန်သည် အလယ် ရှော့ဘားတံ ( strut ) နှင့် သီးခြားစီတပ်ဆင်ရပါတယ် ။
အားသာချက်များ
လမ်းကြမ်းတွင် မောင်းနှင် သွားလာနိုင်ခြင်း
ချိုင့်များ ၊ ကျောက်တုံးများ နှင့် တိုက်မိ ၊ ဆောင့်မိ ဒဏ်ခံနိုင်ခြင်း
အားနည်းချက်များ
ပျော့သော စပရိန် အမျိုးအစား အသုံးပြုထားခြင်းကြောင့် သာမာန်လမ်းများတွင် လူးလွန့်ခြင်း ။
ပြင်ဆင်မှု ကုန်ကျစရိတ် ကြီးမားခြင်း
များသောအားဖြင့် ဤရှော့ဘားအား နောက်ဘီးအတွက်သာ တပ်ဆင်ကြလေ့ရှိပါတယ်။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Mercedes G Wagon, Land Rover Defender, Ford F150 Raptor
3)Leaf Springs
Leaf springs ရှော့ဘားအမျိုးအစားကတော့ လေး ဟုခေါ်သော ရှော့ဘားအမျိုးအစားဖြစ်ပြီး ရှေးအကျဆုံးနှင့် အကြမ်းအခံဆုံး ရှော့ဘား အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘား များသည် ဝန်များများ အတင်ခံနိုင်ခြင်း ၊ ကြာရှည်အသုံးပြုနိုင်ခြင်း ၊ ငွေကုန်ကြေးကျ သက်သာခြင်း စသည် တို့ကြောင့် ထရပ်ကားများ ကုန်တင်ကားများတွင် အများဆုံးတပ်ဆင် အသုံးပြုလေ့ရှိပါတယ် ။ ဤရှော့ဘား အမျိုးအစားသည် ကုန်ပစ္စည်းတင်ဆောင် နိုင်ရန် အတွက် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် အကယ်၍ ကုန်ပစ္စည်းတင်ဆောင်ထားခြင်း မရှိပဲ မောင်းနှင်ပါက တည်ငြိမ်မှု မရှိပဲ ခုန်နေပြီး ကုန်ပစ္စည်း ( ဝန် ) တင်ဆောင်ထားမှသာလျှင် မောင်းနှင်ရတာ ပိုမိုတည်ငြိမ် အဆင်ပြေပါတယ် ။
အားသာချက်များ
အထူးကြံ့ခိုင်ခြင်း ။
ကြာရှည် အသုံးခံခြင်း ။
ပြင်ဆင်စရိတ် သက်သာခြင်း ။
အားနည်းချက်များ
Strut မပါခြင်း ။
ကုန်ပစ္စည်းများ မပါလျှင် တာယာတွင် ကုပ်အားနည်းပြီး အန္တရာယ်ရှိခြင်း ။
၀န်ဖြင့်မောင်းနှင်ရာတွင် အလေးချိန် အပြောင်းအလဲကြောင့် ထိန်းချုပ်မောင်းနှင်ရ ခက်ခဲခြင်း။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Toyota Hilux, box trucks, heavy equipment, passenger busses
4) Air Suspension
Air suspensions ( လေရှော့ဘား ) ကတော့ တပ်ဆင်ရာမှာ နေရာကျယ်ဝန်းစွာ မယူခြင်း ၊ ဖိအား ကန်အား ကို အကောင်းဆုံး ( ဆန့်ခြင်း ၊ ကျုံ့ခြင်း ) ပြုလုပ်ပေးနိုင်သောကြောင့် တန်ဖိုးမှာလဲ အကြီးဆုံး ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘားသည် ရာသီဥတုအခြေအနေ ( ပူလွန်းခြင်း ၊ စိုထိုင်းဆ များလွန်းခြင်း ) ၊ လေအိတ်ရာဘာပြဲခြင်း နှင့် compressor motor ပြုပြင်ထိန်းသိမ်းခြင်းတို့ယိုယွင်းမှု ဖြစ်နိုင်သောကြောင့် အလွယ်တကူ ပျက်စီးနိုင်ပြီး ကုန်ကျစရိတ်မှာ လွန်စွာကြီးပါတယ် ။ နည်းပညာာတွေ တိုးတက် ပြောင်းလဲ လာတာနဲ့အမျှ ယခုဆိုရင် ကားလောကထဲမှာ ဤရှော့ဘား အမျိုးအစားသည် ရေပန်းစား လာသော ရှော့ဘားအမျိုးအစား ဖြစ်လာပါတယ် ။
အားသာချက်များ
ဖိအား ကန်အား အား အမြင့်ဆုံး စွမ်းဆောင်မှု ပေးနိုင်ခြင်း။
၀န်မပါသော်လည်း တည်ငြိမ်စွာမောင်းနိုင်ခြင်း ။
တပ်ဆင်ရာတွင် နေရာ အနည်းငယ်သာ ယူခြင်း။
လမ်းကောင်း ၊ လမ်းဆိုး နှစ်မျိုးလုံးတွင် အသုံး ပြုနိုင်ခြင်း ။
အားနည်းချက်များ
ပြင်ဆင်စရိတ် လွန်စွာကြီးခြင်း ။
ပျက်စီးလွယ်ခြင်း ။ ( လေထုစိုထိုင်းမှု ၊ အိတ်ပြဲခြင်း )
ယာဉ်စမ်းသပ်မောင်းနှင်ရုံမျှဖြင့် ရှော့ဘားကောင်းမကောင်း ခန့်မှန်းရ မလွယ်ကူခြင်း ။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ ။
Crd-BFBM- Car Knowledge