24/06/2022
ကားဝယ်/ရောင်းတစ်ဦးရဲ့ လေးစားထိုက်တဲ့ စိတ်ထား
==========
ကားလာဝယ်သော ဝယ်သူနှင့်ဈေးတည့်ပြီး ဝယ်သူကငွေချေကာ မောင်းသွားတော့မယ်လို့ ပြောသောအခါ အစ်ကိုဆရာက “မရသေးဘူး ခဏနေဦး” ဟုဆိုကာ တပည့်တစ်ယောက်အား “ဟေ့ ကားဘီး လေးလုံးစလုံး စစ်၊ ဘက်ထရီစစ်၊ ပြီးရင် ဆီအပြည့် ဖြည့်ပေးလိုက်” ဟု ပြောပြီး အားလုံးလုပ်ကိုင်စစ်ဆေး ပြီးတဲ့အချိန်မှ ရပြီ နောင်ကြီးဟု ဆိုကာ ကားသော့အပ်လိုက်ပါတယ်။
ဝယ်သူမှာ ပြောဖွယ်ရာမရှိ ရတနာပီတိ ဂွမ်းဆီထိ သကဲ့သို့ ကားအသစ်ကြီးအား ပျော်ရွှင်စွာ မောင်းထွက်သွားလေပါတော့တယ်။ ရင့်ကျက်မှု နည်းသေးသော ကျွန်တော်က အစ်ကိုဆရာအား “ဘာလို့ သူက မလုပ်ခိုင်းဘဲ အစ်ကိုက လုပ်ပေးလိုက်ရတာလဲ” ဟု ရိုးရှင်းသော စိတ်ဖြင့်မေးရာ အစ်ကိုဆရာက ပြုံးရင်း “သား…ငါသူများလို showroom မဖွင့်ဘဲ ခြံထဲမှာရပ်ပြီးရောင်းတာ တနေ့ ဘယ်နှစ်ဦး လာဝယ်နေလဲ မင်းအမြင်ပဲ မဟုတ်လား?” ဒါလည်းဟုတ်တာပဲ တစ်နေ့တစ်နေ့ ပြေးဝယ်လိုက်ရတဲ့ စာချုပ်ဆိုတာ။
“အဲဒါ ဘာလဲမင်းသိလား သား.. စေတနာသည် ကံပဲကွ။ အခုငါရောင်းတာ Brand new နော်။ အရင်က Sunny, Publica ကားဟောင်းလေးတွေ ခေတ်က အချို့သောသူတွေ အရောင်းအဝယ် ဖြစ်ပြီဆိုရင် ကားတာယာကောင်းတာနဲ့ ပါးတာ ပြောင်းထည့်ကြတယ်။ ဆီစုပ် ထုတ်ကြတယ်၊ ကက်စက်တွေလဲကြတယ်။ အဲဒါတွေပြောင်းထည့်လိုက်တော့ရော မင်းဘဝကြီးပြောင်းလဲသွားမှာမို့လား?
အဆိုးဆုံးက ကားဘီးတာယာနဲ့ ဆီပဲကွ။ ဝယ်တဲ့သူက ဝယ်ပြီး အပျော်များစွာနဲ့ မောင်းသွားရင်း လမ်းမှာဆီပြတ်တာ၊ မတွေးဝံ့ဆုံးက ကားတာယာ ပွင့်ထွက်သွားခဲ့သည်ရှိသော် ဘာနဲ့မှလဲလို့မရတဲ့ အသက်ပဲ။ သား မင်းဘယ်တော့မှ အဲလိုစိတ်မျိုးနဲ့ စီးပွားမရှာလေနဲ့။
လောကကြီးမှာ မျှတရင် မိတ်ဆွေပေါမယ်၊ ကတိတည်ရင် background ကောင်းမယ်၊ မင်းထိုက်ရင်ရမယ် မထိုက်ရင်မရဘူး၊ ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့။ ငါ့သား ကြွေးသစ်ထပ်မယူသွားနဲ့။ မင်းကြိုက်လား ငါလည်းကြိုက်တယ် မင်းမခံနိုင်ဘူးနော် ငါလည်းမခံနိုင်ဘူး။ အဲ့ဒါအရိုးရှင်းဆုံးသော ကိုယ်ချင်းစာတရားပဲ။
#ကားသတင်းစုံ