23/03/2025
ကားဆေးမှုတ်တဲ့အခါ လိုက်ကာ(clear coat) တို့ ကြွေဆေးတို့ run ဆေးယိုစီးခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ အဲဒါမဖြစ်အောင် ကာကွယ်တဲ့နည်းလမ်းတွေ၊ အကယ်၍ ဆေးယိုစီး သွားခဲ့ရင် ဘယ်လိုပြန်ပြင်ရမလဲ ဆိုတာကို အဆင့်ဆင့် ရှင်းပြပါမယ်
ဆေး နဲ့ လိုက်ကာ ဆေးယိုစီး (Run) ရတဲ့ အကြောင်းရင်းများ
ဆေးအလွန်အကျွံမှုတ်တာ (Over-application) တစ်ကြိမ်တည်းနဲ့ ဆေးအလွှာထူထူ မှုတ်မိရင် ဆေးက မခြောက်မိခင် သူ့အလေးချိန်ကြောင့် အောက်ကို ယိုကျတတ်ပါတယ်။
ဂန်းနဲ့ကား အရမ်းကပ်သွားခဲ့ရင်-
ဂန်းကို ကားမျက်နှာပြင်နဲ့ အနီးကပ်လွန်းအောင် ကိုင်ထားရင် ဆေးစုပုံပြီး စီးကျတတ်ပါတယ်။
Flash Time မစောင့်တာ
ဆေးတစ်လွှာမှုတ်ပြီး နောက်တစ်လွှာမှုတ်ဖို့ လုံလောက်တဲ့ အခြောက်ခံချိန် မပေးမိရင် ဆေးတွေ လေးပြီး ယိုကျတတ်ပါတယ်။
ဆေးရည်ကျဲလွန်းတာ (Over-thinning)
သင်နာများပြီး အလွန်အကျွံရောစပ်မိရင် ဆေးက အရမ်းကျဲသွားတာကြောင့် စီးကျတတ်ပါတယ်။
လက်မငြိမ်တာ
ဂန်းကို မတည်မငြိမ် ရွှေ့တာ၊ တစ်နေရာမှာ စုပြီး အများကြီးမှုတ်မိတာကြာင့် ဆေးစုပုံပြီး စီးကျတက်ပါတယ်
ပတ်ဝန်းကျင် အခြေအနေ
စိုထိုင်းဆများတာ၊ အပူချိန်နိမ့်တာတွေက ဆေးခြောက်တဲ့ အချိန်ကို နှေးစေပြီး ယိုကျဖို့ အခွင့်ပိုများပါတယ်။မိုးတွင်းဆို ပိုဆိုးပါတယ်
ဆေး စီးတာ မဖြစ်အောင် ကာကွယ်နည်းများ
ဆေးအလွှာပါးပါးမှုတ်ပါ: တစ်ကြိမ်တည်းနဲ့ ထူထူမှုတ်မယ့်အစား ဆေးအလွှာပါးပါး ၂-၃ ခါ ခွဲမှုတ်ပြီး တစ်လွှာခြင်း flash time စောင့်ပါ။
ဂန်းနဲ့ ကားမျက်နှာပြင် အကွာအဝေးထိန်းပါ
ဂန်းကို ကားမျက်နှာပြင်ကနေ ၅-၈ လက်မ (၁၅-၂၀ စင်တီမီတာ) အကွာမှာ ထားပြီး မှုတ်ပါ။
ဆေးဖျော်တဲ့အခါ မှန်ကန်တဲ့ ဆေးအချိုးစားဖြစ်ပါစေ
ဆေး၊ သင်နာ၊ ဟာဒနာတို့ကို ထုတ်လုပ်သူညွှန်ကြားတဲ့ အချိုးအတိုင်း ရောစပ်ပါ။
မှုတ်တဲ့နည်းစနစ်
ဂန်းကို တည်ငြိမ်အောင် ရွှေ့ပြီး တစ်နေရာမှာ ရပ်မသွားစေနဲ့။ တံခါး ပါးခြမ်း တစ်ခုနဲ့တစ်ခုဆက်တဲ့နေရာတွေကို မှုတ်ရင် တစ်ချပ်နဲ့တစ်ချပ်ကို ၅၀% လောက် ထပ်အောင် မှုတ်ပါ။
လေဖိအားထိန်းပါ
ဂန်း ရဲ့ လေဖိအား (psi) ကို ဆေးထုတ်လုပ်သူညွှန်တဲ့အတိုင်း ချိန်ညှိပါ (ပုံမှန် 25-70 psi လောက်)။
ပတ်ဝန်းကျင်ထိန်းပါ
မှုတ်တဲ့နေရာက လေဝင်လေထွက်ကောင်းပြီး စိုထိုင်းဆနည်းအောင်၊ အပူချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ်လောက် ထားပါ။
စီးသွားခဲ့ရင် ပြန်ပြင်နည်း
ဆေးယိုကျသွားရင် ချက်ချင်းပြင်တာထက် ဆေးအပြည့်အဝ ခြောက်သွားတာကို စောင့်တာက ပိုကောင်းပါတယ်။(ကျနော်ကတော့ တိတ်ကပ်ပြီး စီးရာနည်းသွားအောင် လုပ်ပါတယ်)
ပြန်ပြင်တဲ့ အဆင့်တွေကတော့ -
ဆေးအပြည့်ခြောက်အောင်စောင့်ပါ: ဆေးမခြောက်ခင် ထိမိရင် ပိုဆိုးသွားနိုင်လို့ အနည်းဆုံး ၂၄ နာရီလောက် စောင့်ပါ။
ယိုကျတဲ့နေရာကို ကော်ပတ်နဲ့စားပါ။
ရိုးရိုးရေထက် ဆပ်ပြာရေသုံးပြီးတိုက်ပါ
၁၅၀၀ကော်ပတ်သုံးပါ။
တတ်နိုင်ရင် ၁၅၀၀ပြီးတာနဲ့ ၂၀၀၀နဲ့ဆက်စားပါ
ပျောက်သွားရင် ရပါပြီး
ကော်ပတ်စားတာ အရှိန်လွန်ပြီး ဆေးပေါက်သွားခဲ့ရင်
ပြန်သန့်စင်ပါ ဖုန်တွေ၊ ဆီတွေ မကျန်အောင် သန့်စင်ရည်(degreaser) နဲ့ သန့်စင်ပြီး ခြောက်အောင် သုတ်ပါ။
ဆေးပြန်မှုတ်ပါ:
စီးတဲ့ နေရာကို ဆေးအလွှာပါးပါးနဲ့ ပြန်မှုတ်ပါ။ အရင်မှုတ်ထားတဲ့ ဆေးနဲ့ အရောင်ချိန်ညှိဖို့ အလွှာတွေ တဖြည်းဖြည်း ထပ်မှုတ်ပါ။
ရာဘင်း ပေါ်လစ်တိုက်ပါ
ဆေးခြောက်ပြီးရင် ရာဘင်းrubbing compound နဲ့ ပွတ်ပေးရင် မျက်နှာပြင် ချောမွေ့ပြီး စီးခဲ့တဲ့ အရာ ပျောက်သွားပါလိမ့်မယ်။
အပိုအကြံပြုချက်
အခုမှစမှုတ်တဲ့သူဆိုရင် အရင်ဆုံး သံဖြူပြားလေးတစ်ခုမှာ လေ့ကျင့်ကြည့်ပါ။ ဂန်းကိုင်တဲ့ အကွာအဝေး၊ လေဖိအား၊ ဆေးအထူအပါး ချိန်ဆနိုင်ရင် ကားနဲ့ မှုတ်တဲ့အခါ ပိုလွယ်ပါတယ်။
လိုက်ကာ မှုတ်တဲ့အခါ အထူးသတိထားပါ။ သူက စီးကျလွယ်ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ လုပ်ရင် ဆေးစီးတာကနေ ကာကွယ်လို့ရသလို၊ ဖြစ်သွားရင်လည်း ပြန်ပြင်လို့ ရပါတယ်။ စိတ်ရှည်ရှည်နဲ့ လုပ်ရင် အကောင်းဆုံး ရလဒ်ရမှာပါ။