12/03/2025
ကားဆီစားနှုန်းကို ၃၀ % ထိလျော့ချပေးနိုင်တဲ့ ကားမောင်းနည်း
ကားဖိုးတတ်နိုင်တယ် ဆီဖိုးမတတ်နိုင်ဘူး ဆိုသူများအတွက် ဆီစားသက်သာအောင် ဘယ်လို မောင်းနှင်မလဲ…
ခုလို ဆီစျေးနှုန်းတွေမြင့်တက်နေတဲ့ကာလမှာ ဆီစားသက်သာအောင် ဘယ်လိုမောင်းနှင်မလဲ ဆိုတာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်လို့လာနေပါတယ်။ ဒါကြောင့်မို့ လောင်စာဆီစားနှုန်းကို ၃၀%လောက်ထိလျော့ချနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကိုပြန်လည်မျှဝေလိုက်ပါတယ်။
အောက်ပါလွယ်ကူရိုးရှင်းတဲ့ အချက်တွေအတိုင်း လိုက်နာမောင်းနှင်ပြီး တစ်လစာဆီဖိုးလေးတွေ လျှော့ချကြည့်ရအောင်။
၁။ကားကိုအကြမ်းမမောင်းပါနဲ့။
ဆိုလိုချင်တာကကားသမားစကားပြောရရင် ခြေနင်းမကြမ်းဖို့ ပြောတာပါ။ ပျှမ်းမျှအားဖြင့် ကားတစ်စီးကို စထွက်ရာက ၂၅ km/h လောက်အထိရောက်ဖို့ အနည်းဆုံး ၅ စက္ကန့်လောက်ယူနင်းပါ။ လီဗာကပ်တဲ့ အထိနင်းပြီး အရှိန်တင်တာက ဆီစားနှုန်း မတရားတက်စေပါတယ်။
အလားတူပဲအရှိန်လျော့တဲ့ နေရာမှာလဲ အရှိန်နဲ့ မောင်းနေရာက ဘရိတ်ဖိအုပ်ပြီး ရပ်တာမျိုးမလုပ်ပါနဲ့။ အဝေးကနေ traffic အနေအထားကို ကြိုကြည့်ပြီး လီဗာကိုပဲကစားကာအရှိန်ကို လျှော့သင့်ရင်လျှော့ပါ။ ကားကို လုံးဝရပ်လိုက်ပြီး ပြန်အရှိန်ယူရတာက ဖြည်းဖြည်းချင်းမောင်းနှင်တာထက်ဆီပိုစားပါတယ်။နောက်တစ်ခုက အခုလို အရှိန်ကြိုလျော့ပြီး မောင်းနှင်ခြင်းက ကိုယ့်ကားရဲ့ ဘရိတ်တွေကိုလည်း ပွန်းစားမှုသက်သာစေပါတယ်။
၂။အရှိန်နှုန်းကိုထိန်းမောင်းပါ။
တတ်နိုင်သလောက် မိမိကားရဲ့ speed ကို တသမတ်တည်းဖြစ်အောင် မောင်းနှင်ပါ။ ဂျပန်နိုင်ငံက လေ့လာချက်တစ်ခုအရ ကားအရှိန်အတင်အချလုပ်ခြင်းကြောင့် ဆီစားနှုန်းကို ၂၀%-၄၈% အထိ တိုးလာစေတယ်လို့ ဆိုထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ဟိုင်းဝေးလမ်းမပေါ်မှာ ၉၀ km/h နဲ့မောင်းနေတဲ့ ကားတစ်စီးကို ၁၀၅ km/h လောက်တင်လိုက်ရင်၁၀-၁၅% နဲ့ ၁၂၀ km/h လောက်အရှိန်တင်လိုက်ရင် ၂၀% အထိ အသီးသီး ဆီစားနှုန်းပိုတက်လာနိုင်ပါတယ်။
Natural Resources Canada ရဲ့ သုတေသနတစ်ခုအရ ကားအမျိုးအစားအားလုံးအတွက် ပျှမ်းမျှ ဆီစားနှုန်း အသက်သာဆုံး အရှိန်နှုန်းဟာ ၅၀ နဲ့ ၉၀ km/h ကြားမှာ ရှိတယ်လို့ဆိုပါတယ်။ ဟိုင်းဝေးမောင်းနှင်ရာမှာလဲ rpm ၂၀၀၀-၂၅၀၀ ကြားသာနင်းသင့်ပြီးတော့Cruise Control ပါတဲ့ကားတွေမှာ Cruise Control သုံးပြီးမောင်းနှင်ခြင်းဟာ ဆီစားနှုန်းကို သိသိသာသာကျဆင်းစေပါတယ်။
၃။ကားစက်နှိုးပြီး အကြာကြီးရပ်ထားခြင်းကိုရှောင်ကြဉ်ပါ။
traffic ကြားထဲရောက်နေတာနဲ့ မီးပွိုင့်မိနေတာမျိုးမဟုတ်ရင် တစ်မိနစ်ကျော်လောက်ရပ်ထားရမယ့် ကိစ္စရှိတာနဲ့ idlingလုပ်ထားမယ့်အစားကားကို စက်သတ်ပြီးရပ်သင့်ပါတယ်။နောက်ပြီး ကားစစခြင်း warming upလုပ်တဲ့အချိန်မှာလည်း (အင်ဂျင်ဆီပေးပုံ စနစ်အဟောင်းသုံးထားတဲ့ ကားဟောင်းတွေကလွဲရင်) ကားကိုအချိန်အကြာကြီးစက်နှိုးထားပြီး warming up လုပ်နေစရာ မလိုပါဘူး။ မလိုအပ်ပဲ ဆီ အလကားကုန်တဲ့ အပြင် အင်ဂျင်ကိုပါထိခိုက်နိုင်ပါတယ်။
၄။တာယာလေပေါင်ချိန်မှန်ပါစေ။
မိမိကားတာယာရဲ့လေပေါင်ကို ကိုယ်သွားမယ်ခရီး (မြို့တွင်း၊ ဟိုင်းဝေး) ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ လေပေါင်အတိုင်း အတိအကျ ဖြည့်ထားဖို့အရေးကြီးပါတယ်။ လေလျော့နေတဲ့ တာယာတွေကြောင့် ဆီစားနှုန်းကို ၆% အထိ ပိုတိုးလာစေနိုင်ပါတယ်။
၅။Air con ကိုအမြဲမဖွင့်ထားပါနဲ့။
အရှိန်းနှုန်းနည်းနည်းနဲ့ မြို့တွင်းမောင်းနှင်နေချိန်တွေမှာ Air con ဖွင့်မောင်းခြင်းကအင်ဂျင်ကို load ပိုစေပြီး ဆီပိုစားစေပါတယ်။ဒါပေမဲ့ စိတ်ဝင်စားစရာတစ်ချက်ကဟိုင်းဝေးအရှိန်နှုန်းမြင့် မောင်းနှင်တဲ့အခါမှာတော့ Air con ရဲ့ load က မပြောပလောက်တော့ဘဲအကယ်၍ Air con ပိတ် မှန်ချပြီး မောင်းနှင်မယ်ဆိုရင်တောင် ဖြစ်ပေါ်လာမယ့် wind resistance ကြောင့် မှန်ပိတ် Air con ဖွင့်မောင်းတာထက် ဆီပိုစားနိုင်ပါသတဲ့။
၆။လောင်စာဆီဂရိတ်အမှန်ထည့်ပါ။
ဈေးကြီးတဲ့ဆီကို ထည့်မောင်းခြင်းက ဆီစားပိုသက်သာလိမ့်မယ်လိုမဆိုလိုပါဘူး။ဥပမာ- 92 ပဲ ထည့်ရမယ့်ကားကို 97 ထည့်မောင်းမယ်ဆိုရင်လည်း ပိုက်ဆံပိုကုန်တာအပြင်ဘာမှထူးပြီး ဆီစားနှုန်း မသက်သာပါဘူး။
ကိုယ့်ကား အင်ဂျင်အတွက် သတ်မှတ်ထားတဲ့ အသင့်တော်ဆုံး လောင်စာဆီ ဂရိတ်ကိုသုံးမှသာ အကောင်းဆုံး performance နဲ့ အသက်သာဆုံးဆီစားနှုန်းကိုရမှာပါ။ ဒီတော့ကိုယ့်ကားရဲ့ owner’s manual မှာဘယ်လောင်စာဆီကို သုံးဖို့ ညွှန်းထားသလဲဆိုတာရှာပြီး အဲ့ဒီအတိုင်း ထည့်သွင်းအသုံးပြုပါ။
၇။ကိုယ့်ကားအင်ဂျင်ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ပေးပါ။
ကျနေတဲ့ အင်ဂျင်တစ်လုံးက အင်ဂျင်အသစ်တစ်လုံးထက် ဆီ ၅၀% အထိ ပိုစားနိုင်တဲ့အပြင် လေထုထဲကိုလည်း emissions ၅၀% အထိ ပိုမိုထုတ်လွှတ်နိုင်ပါတယ်။ ဒါ့အပြင်အင်ဂျင်ဝိုင်၊ ပလပ် စတာတွေမကောင်းရင်လည်း ဆီစားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ဒါ့ကြောင့် ကားအင်ဂျင်ကို ကျွမ်းကျင်တဲ့ဝပ်ရှော့တစ်ခုခုမှာပုံမှန်စစ်ဆေးပြင်ဆင်မှုလုပ်သင့်ပါတယ်။
အခြားအချက်တွေအနေနဲ့ ကတော့အပို energy ကုန်တဲ့အတွက် မလိုအပ်ဘဲ မီးမထိုးဖို့၊ wiper မသုံးဖို့နဲ့ ကားပေါ်မှာမလိုအပ်ဘဲလေးလံတဲ့ ပစ္စည်းတွေတင်ထားမိရင်လည်း ကားဝိတ်တိုးလာတဲ့အတွက် ဆီစားနှုန်းတိုးလာနိုင်ပါသေးတယ်။
ကဲ ဒီအချက်တွေလိုက်နာပြီးကိုယ့်ကားဘယ်လောက်ထိဆီစားသက်သာသွားလဲ၊ဆီဖိုးပိုက်ဆံတွေ ဘယ်လောက် စုမိသွားသလဲဆိုတာ record လေးလုပ်ကြည့်ရအောင်ဗျာ။
👏👏မူရင်းရေးသားသူကိုလေးစားဂုဏ်ယူစွာဖြင့်
ခရက်တစ်ပေးပါသည်။အမည်မသိ၍ထည့်မပေးရသည်ကိုခွင့်လွှတ်ပါ
#ခိုင်ရွှေညှာpage
Ref: eartheasy, Toyota, UCS blog,Respectfully Original uploader