12/11/2021
အင်ဂျင်ကိုင်ရာတွင် လဲလှယ်ရမည့်အစိတ်အပိုင်းများ
-----------------------------------
အင်ဂျင်တစ်လုံး ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်သော လဲလှယ်ရမည့်အရာများကို ကျွန်တော်လေ့လာသိရှိထားသလောက် မျှဝေပေးထားပါတယ်။
၁။ Piston (ပစ္စတင်)
ပစ္စတင်က တစ်ချို့အင်ဂျင်တွေဆိုရင် ပြန်သုံးလို့ရတဲ့အနေအထားရှိပါတယ်။ အင်ဂျင်ပျက်စီးထားတဲ့ အပေါ်မူတည်ပြီးတော့ သုံးလို့ရမရ သေချစစ်ဆေး ကြည့်ရပါမယ်။ သုံးလို့ရတယ်ဆို ပြန်သုံးပြီး သုံးမရတော့ရင် အသစ်လဲလှယ်ပေးရပါမယ်။
၂။ Piston Ring (ပစ္စတင်ရိန်း)
ပစ္စတင်ရဲ့ရိန်းကွင်းတွေကတော့ ပြန်သုံးလို့ရတဲ့ထုံးစံမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက အင်ဂျင်အလုပ်လုပ်တိုင်းမှာ အမြဲတမ်းပွတ်စားခံနေရလို့ပါ။ အင်ဂျင်ချတဲ့အခါတိုင်းမှာ မဖြစ်မနေလဲလှယ်ရပါမယ်။
၃။ Crankshaft Bearing (ကရိုင်းရှပ်ဘယ်ရင်)
အင်ဂျင်အလုပ်လုပ်တိုင်းမှာ ကရိုင်းရှပ်ကို ပွတ်စားမသွားအောင် ကရိုင်းရှပ်ရဲ့ Journal တွေထဲမှာ နူးညံ့ပြီးအပူဒဏ်ခံနိုင်မယ့် ဘယ်ရင်ချမ်းလေးတွေ ခံပြီးတပ်ဆင်ထားရပါတယ်။ အဲ့ဒီဘယ်ရင်ချမ်းလေးတွေက အင်ဂျင်သက်တမ်း ကြာလာသော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာ တို့ရဲ့အားနည်းချက်ကြောင့်သော်လည်းကောင်း ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ချတဲ့အခါ များသောအားဖြင့်တော့ လဲလှယ်ရပါတယ်။
၄။ Crankshaft (ကရိုင်းရှပ်)
အင်ဂျင်ကိုလည်ပတ်စေတဲ့နေရာမှာ ကရိုင်းရှပ်ဟာ အဓိကနေရာမှာ ပါဝင်ပါတယ်။ သူလည်း အင်ဂျင်ရဲ့သက်းတမ်းကြောင့်သော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာတို့ကြောင့်သော်လည်း ကောင်း အသုံးပြုတဲ့အပေါ်မူတည်ပြီး ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ပြန်ကိုင်မယ်ဆိုရင်တော့ များသောအားဖြင့် ဆိုဒ်ချပြီး သသုံးရလေ့ရှိပါတယ်။
၅။ Cylinder Sleeves (စလစ်)
စလစ်လို့ခေါ်တဲ့ စလစ်နံရံတွေ ပွန်းစားမှုဖြစ်နေပြီဆိုရင်လည်း အသစ်လဲလှယ်ပေးရပါမယ်။ Service ဆိုင်တွေမှာ ဘိုးရိမ်းလုပ်တာတို့ စလစ်ထိုးတာတို့ စသဖြင့် ပြန်လည်ပြုပြင်ရပါမယ်။
၆။ Gudgeon Pin Bush (ဂိုင်ဂျီပင်ဘွပ်ရှ်)
ဂိုင်ဂျီပင်လို့ ခေါ်ကြလေ့ရှိပါတယ်။ ကွန်နတင်းချောင်းနဲ့ ပစ္စတင်ကို ဆက်သွယ်ထားတဲ့ ပင်နဲ့ဘွပ်ရှ်တွေရှိပါတယ်။ ပင်စားသွားခြင်း၊ ဘွပ်ရှ်စားသွားခြင်းများရှိရင် အသစ်လဲလှယ်ပေးရပါမယ်။
၇။ Engine Head (ဟက်)
ဒါကတော့ အင်ဂျင်ရဲ့ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ အင်ဂျင်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လေနဲ့လောင်စာဆီတွေကို အမြဲမပြတ် အသွင်းအထုတ် လုပ်ပေးရတဲ့ အပိုင်းလေးဖြစ်ပါတယ်။ "ဟက်" လို့ခေါ်ကြလေ့ရှိပါတယ်။ ဟက် မှာအဓိက ဟက်ကိုကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ ပစ္စည်း (၄) မျိုးရှိပါတယ်။ Valves (ဗားလ်)၊ Seats (ကွင်း)၊ Guides (ဂိုက်)၊ Oil Seals (ဝိုင်းဆီးလ်) တို့ဖြစ်ပါတယ်။ Service ဆိုင်တွေမှာပြပြီးတော့ လိုအပ်တာတွေ လဲလှယ်ပေးရပါမယ်။
ဒါလေးတွေကတော့ အင်ဂျင်ချတော့မယ် အင်ဂျင်ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
Crd : original uploader 🙏